Photo by KSNG |
ယနေ့ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ကျရောက်သည့် ၆၄နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေး နေ့ကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) ဌာနချုပ် ကလေထာ့ စခန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် လက်ရှိတည်ဆောက်နေသည့် ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းခြင်းဖြစ် သည်ဟု ကေအဲန်ယူ၏ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
၎င်းက ̏ အခုကျနော်တို့ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲ ရေးဟာ ခိုင်လုံတဲ့ သဘောတူချက်တွေ ဘာမှ မရသေးဘူး။ ကျနော်တို့ဟာ အညံ့ခံတာ မဟုတ်သလို ကရင်လူထုရဲ့ လိုအပ် ချက်ကို လည်း လျှစ်လျှူရှုတာ မဟုတ်ပဲ နိုင်ငံရေး ပြဿနာများကို နိင်ငံရေး အရ သာဖြေရှင်း တာဖြစ်တယ်˝ဟု ပြောသည်။
ကရင့်တော်လှန်ရေးသည် ကေအဲန်ယူအဖွဲ့အစည်းအတွက်သာ မဟုတ်ဘဲ ကရင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အလုပ်ဖြစ်သည်ဟုလည်း ကေအဲန်ယူ ဥက္ကဌက ဆက်ပြောကြားခဲ့သည်။
ယခုလက်ရှိ ကရင်လူမျိုးများအတွက် အဓိက လိုအပ်ချက်မှာ ညီညွတ်ခြင်းသာ ဖြစ်သည်ဟု ကေအဲန်ယူ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။ ̏ ကျနော်တို့တတွေ မညီညွတ်ခဲ့ လို့ တော် လှန်ရေးဟာ နှစ် ၆၀ ကျော်ခဲ့တာလေ။ ရှေ့ဆက်ဆိုရင် ကျနော်တို့ အတူတကွ ပူးပေါင်း လုပ် ဆောင်သွားမယ်။ ကျနော်တို့ အမျိုးသားတွေဟာ ဒီနေ့ ညီညွတ်မယ်ဆိုရင် မနက်ဖြန် လွတ်လပ်ရေးကို ချက်ချင်းရမယ်လို့ ယုံကြည်တယ်˝ဟု သူက ပြောသည်။
ကရင်အမျိုးသားများလွတ်မြောက်ရေးအတွက် ကရင့်တော်လှန်ရေး ခေါင်းဆောင်များနှင့် ပြည်သူလူထု တို့၏ အသက်ထောင်သောင်းများစွာကို စတေးခဲ့ရပြီး ယခုလို အချိန်အခါတွင် မည်သူမှလည်း သွေး စွန်းသည့်အလုပ်ကို လိုလားမည်မဟုတ်ကြောင်း သူက ဆက်ပြောသည်။
ကရင့်တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မယ်လ ကရင်ဒုက္ခသည်စခန်းမှ ခရစ်ယာန် ကျမ်းစာကျောင်းမှ ပထမနှစ် ကျောင်းသူ နော်သဒါးဌေးက ̏ ဒါဟာ ကျမအတွက် ပထမဦးဆုံး အကြိမ် ပေါ့နော်။ ၀မ်းသာလွန်းလို့ မျက်ရည် ကျလုမတတ် ခံစားရတယ်။ ရှေ့ဆက် ကျမတို့ က ရင်လူမျိုးတွေ ဟာ စစ်ထပ်တိုက်တာကို မမြင်ချင်တော့ဘူး။ လွတ်လပ်ရေးကိုပဲ အမြန်ဆုံး ရရှိ လိမ့်မယ် လို့ ယုံကြည် မျှော်လင့်တယ်˝ဟု ပြောသည်။
ယနေ့ အခမ်းအနားတွင် ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စော ဂျော်နီ၊ ဗဟိုကော်မတီဝင် ပဒိုစောရောဂျာခင်၊ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင် မော်အေး နှင့် နိုင်ငံခြား ရေးရာ တာဝန်ခံ ပဒိုအောင်ဝင်းရွှေတို့ တက်ရောက်သကဲ့သို့ မဟာ မိတ် ခေါင်းဆောင် တစ်ချို့နှင့် တပ်ရင်းမှူး စောဝင်းနိုင်စိန်ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် ၁၀၁၅ တပ်ရင်းမှ အင်အား ၅၀ခန့် အပါအ၀င် လူထုပရိဿတ် ၁,၀၀၀ခန့် တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ထို့အပြင် အခမ်းအနားတွင် စစ်ရေးပြအစီအစဉ်၊ စစ်ဦးချုပ်မှ စစ်ရေးပြစစ်ကြောင်းကို စစ်ဆေးခြင်းနှင့် ကရင်ရိုးရာဒိုးယမ်းအကတို့ကိုလည်း တင်ဆက် ကပြခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုး သမီးအစည်းအရုံး၊ လူ့ဘောင်သစ် ဒီမိုကရေကရက်တစ် ပါတီနှင့် ရခိုင်လွတ်မြောက်ရေး ပါတီတို့မှလည်း သ၀ဏ်လွှာ အသီးသီးပေးပို့ခဲ့ကြသည်။
တော်လှန်ရေးနေ့ မတိုင်မှီ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ကရင်တော်လှန်ရေးနေ့အား ဂုဏ်ပြုသည့် အနေဖြင့် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးစသည့် အားကစားပြိုင်ပွဲများ ကိုလည်း ကျင်းပသကဲ့သို့ ညနေပိုင်းတွင် ကရင်အဆိုတော်များ ဖြစ်ကြသော ၀ိုင်ရို၊ အီးဘိုင်းဘိုင်၊ ချာလီ၊ အယ်ကော်၊ အယ်စိုးနှင့် အခြား ကရင်အဆိုတော်များက တေးသီချင်းများဖြင့် ဂုဏ်ပြု ဖျော်ဖြေပေးခဲ့ကြသည်။
ယနေ့ ကျရောက်သည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့ကို ကေအဲန်ယူတပ်မဟာ(၇)အပြင် တပ်မဟာ (၅)၊ တပ်မဟာ (၆)နှင့် ကျန်တပ်မဟာများတွင်လည်း ၎င်းတို့ နေရာအလိုက် ဂုဏ်ပြုကျင်းခဲ့ကြသည်။
ကရင့်အမျိုးသားတော်လှန်ရေးသည် မြန်မာနိုင်ငံ သမိုင်းတလျှောက်တွင် အကြာရှည်ဆုံးသော တော် လှန်ရေး ဖြစ်ပြီး ကရင်တမျိုးသားလုံး အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရန်အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကရင်တော်တော်လှန်ရေးကို စတင်ခဲ့သည်။
No comments:
Post a Comment