Photo by KSNG |
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)အဖွဲ့အစည်း၏ ဖွဲ့စည်းခြင်း ၆၆နှစ် ပြည့်ခဲ့သည်။ (၆၆)နှစ်တာ ကာ လအ တွင်း ကေ အဲန်ယူ အဖွဲ့အစည်း၏ ကြုံတွေ့နေရသည့် အားနည်းချက်နှင့် အားသာ ချက်များကို ကရင်ကျောင်းသားများ ကွန်ယက် (KSNG)မှ KNU ၏ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲအား တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ ပထမဦးဆုံးအနေနဲ့ ကေအဲန်ယူနေ့ ဖြစ်ပေါ်လာပုံ ကို နည်းနည်းရှင်းပြပေးပါလား။
ဖြေ။ ။ ကေအဲန်ယူနေ့ ဆိုရယ်လို့ မပေါ်ပေါက်သေးခင်ကတည်းက ကရင်အဖွဲ့ အစည်းတွေ အများကြီးရှိခဲ့တယ်။ ၁၈၈၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ (KNA ) ကရင်တမျိုးသား အဖွဲ့အစည်း အဲဒီတုန်းကတော့ ဒေါက်တာထေသာ ပြန်ခေါင်းဆောင်တာပေါ့။ နောက်တော့ (BKNA) ကရင်ဗုဒ္ဓဘာသာ အဖွဲ့အစည်း တွေရယ်။ (KCO) ကရင်ဗဟိုအဖွဲ့နဲ့ (KYO)ကရင်လူငယ် အစည်းအရုံးတွေက စတာပေါ့နော်။ ပြီးတော့ အဲဒီအဖွဲ့တွေကို ၁၉၄၇ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အားလုံးပေါင်းပြီးတော့မှပဲ ကေအဲန်ယူ အဖွဲ့အစည်းကြီးက ပေါ်ပေါက်လာတာပဲလေ။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကရင်တွေ တစုတစည်း တည်း ဖြစ်ဖို့ပါပဲ။
မေး။ ။ ကေအဲန်ယူရဲ့ ၆၆ နှစ်ကြာဖြတ်သန်းမှုမှာ တွေ့ကြုံရတဲ့ အားနည်းချက် နဲ့အားသာချက် တွေကို ရှင်းပြပေးပါအုံး။
ဖြေ။ ။ ဒီအချက်နဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ရဲ့ ကေအဲန်ယူရဲ့ ဥက္ကဌ ကြီးဖြစ်တဲ့ စောဘဦးကြီး ကျဆုံးပြီးတဲ့နောက်မှာဆိုရင် ခေါင်းဆောင်တွေကို ပြန်ရွေးချယ်ရတာ တော်တော် အခက်အခဲ ရှိလာတယ်။ တဆက်တည်းမှာပဲ ခေါင်းဆောင်တွေ အချင်းချင်းကြားမှာ အမြင်တွေ မတူလို့ အဖွဲ့အတွင်းမှာပဲ ကွဲသွားတာတွေ အများကြီးရှိတာပေါ့နော်။ ဥပမာ-ကျနော်ကိုယ်တိုင်ပဲ ကြုံတွေ့ခဲ့တဲ့ ဒီကေဘီအေအဖွဲ့ရယ်၊ ကေအဲန်ယူ/ကေအဲန်အယ်အေ တို့လိုမျိုးပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ရဲ့ အားနည်းချက်လို့ ပြောလို့ရတာပေါ့နော်။ ဒါတွေအားလုံးဟာလည်း ရန်သူရဲ့ လှည့်ကွက်တွေချည်း ပါပဲ လေ။ အားသာချက်အနေနဲ့ကတော့ ရန်သူဖက်က ကျနော်တို့ကို ဘယ်လောက်ပဲ သွေးခွဲပြီး ဖြိုခွဲခဲ့ပေမယ့် ၆၆နှစ်ကျော်တောင် ဆက်လက်ရပ်တည်နိုင်ပြီး ကမ္ဘာကတောင် အသိအမှတ်ပြုရတဲ့ အချက်တွေလည်း ပါတာပေါ့နော်။
မေး။ ။ ကေအဲန်ယူအဖွဲ့အစည်းရဲ့ ၆၆ နှစ်ပြည့်တဲ့နေ့မှာ တွဲဘက်အတွင်းရေးမှူး (၁) တစ်ယောက်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူကို စတင်ဖွဲ့စည်းကတည်းက အခုထိပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ အကြမ်းဖက်မှုကို လိုလားတဲ့ အဖွဲ့မဟုတ်ပါဘူး။ နိုင်ငံရေးအရ ကျနော်တို့ လူမျိုးတွေရဲ့ အခက်အခဲ ပြဿနာကို ငြိမ်းချမ်းစွာနဲ့ ပဲဖြေရှင်းချင်တာပါ။ ဘယ်လောက်ပဲ ကြိုးစားခဲ့ပေမယ့် သူတို့(မြန်မာအစိုးရ)က လူမျိုးကြီးဝါဒကို စွဲကိုင်ထားတဲ့ အတွက်ကြောင့် တခါမှ လည်း မအောင်မြင်ခဲ့ပါဘူး။ ပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ အမြင်သဘောထားတွေ ကွဲလွဲ သွားအောင် နည်းအမျိုးမျိုးသုံးပြီး ခွဲသေးတယ်။ ဒါတွေဟာ ကျနော်တို့ အခုထက်ထိ ခံနေရတုန်းပဲ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေထဲမှာ တချို့ဆိုရင် ကေအဲန်ယူ အပစ်ခတ်ရပ်စဲရေး လုပ်တာ အရမ်းမြန်တယ်လို့ ထင်တဲ့သူတွေလည်း ရှိသလို နှေးတယ်လို့ ထင်တဲ့သူလည်း ရှိပြန်ရော၊ ဘယ်လို ပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ၆၆ နှစ်ကြာတောင် ရပ်တည်နိင်လို့ ဒီအတွက်အရမ်းလည်း ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့ နှစ် ၁၀၀ လား၊ ဘယ်လောက်ကြာအုံးမလဲ ဆိုတာတော့ မသိသေးဘူး။ သေချာတာကတော့ ကျနော်တို့လိုချင်တဲ့ အရာကို မရမချင်းတော့ ပြီးဆုံးမှာ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ တော်လှန်ရေးအလုပ်ဟာ အေးချမ်းတဲ့ အလုပ်မဟုတ်ဘူး။ အမြဲတမ်းပူပင်သောကတွေနဲ့ပဲ ကြုံနေရတာဖြစ်တယ်။ ဒါတွေဟာ ကျနော်တို့ ကေအဲန်ယူပဲ ကြုံရတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ အားလုံးက ဒါတွေကို ခံစားနေရတာလေ။ ပြီးတော့ ကျနော်တို့ ကေအဲန်ယူရဲ့ ၆၆ နှစ်ကျော်ဖြတ်သန်းမှု ဒါတွေအားလုံးဟာ ကျနော်တို့ လူမျိုးတွေ အတွက်ပါပဲ ။
မေး။ ။ ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့အကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီ့း  ပြည်သူတွေ အကြားထဲမှာ ပြောဆိုသံတွေ အမျိုးမျိုး ထွက်ပေါ်လာတဲ့အပေါ်မှာ ဘာများ ရှင်းပြချင်ပါသ လဲ။
ဖြေ။ ။ ကျနော်တို့နဲ့ အစိုးရကြားမှာ ဆွေးနွေးနေတဲ့ ပူပူနွေးနွေး ငြိမ်းချမ်းရေးကိစ္စဟာ တနှစ်ပဲကြာသေး တယ်။ ဒီအတောအတွင်းမှာ ကျနော်တို့ လူမျိုးတွေကလည်း အကောင်းချည်းပဲတော့ မမြင်ပါဘူး။ သူတို့ လည်း စိုးရိမ်ကြပါတယ်။ အကုန်ပြောရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ် ကို ကောင်းကောင်းနားလည်ဖို့ပါပဲ။ ဒီအတိုင်းကြီး လွတ်လွတ်လပ်လပ် သွားလာလို့ရတာဟာ ငြိမ်းချမ်း ရေး မဟုတ်သေးပါဘူး။ ကျနော်တို့တပ်မက်လိုချင်တဲ့ အရာတွေအားလုံးပြီးပြည့်စုံမှပဲ ငြိမ်းချမ်းတယ်လို့ ခေါ်လို့ရမှာပေါ့နော်။ ဒီလောက်နှစ်တွေ အကြာကြီး စစ်တိုက်လာရတော့ ကျနော်တို့နဲ့အတူ ပြည်သူ လူထုတွေကလည်း အရမ်းကိုပင်ပန်းနေကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုကျနော်တို့ လုပ်နေတာဟာ အပစ်ရပ်အဆင့်ပဲရှိပါသေးတယ်။ ဒါတောင်မှ လုံးဝမသေချာသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့ဖက် က လှုပ်ရှားမှုတွေလည်း အများကြီးရှိနေတုန်းပဲ၊ နှစ်ဖက်ကြားမှာ ယုံကြည်မှုတွေလည်း အပြည့်အ၀ မရှိကြသေးဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုံးဝမရှိသေးဘူးဆိုတာ ပြောလို့ ရ တယ်ပေါ့နော်။
မေး ။ ။ မြန်မာအစိုးရဟာ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ချို့နဲ့ အပစ်ခတ် ရပ်စဲရေး လုပ်ထားပြီး တစ်ဖက်မှာ ကချင်ဒေသကို ထိုးစစ်ဆင်သေးတဲ့ အပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ ကချင်ဒေသနဲ့ ပတ်သတ်လို့ကတော့ ဒါဟာရန်သူရဲ့ လှည့်ကွက်တခုပါပဲ။ ကချင်တွေကို တိုက် ပြီးရင် ကျနော်တို့ဆီကို ပြန်လှည့်လားအုံးမလား ဆိုတာလဲ မပြောနိုင်ဘူးလေ။ လာရင်လည်း လာမှာပဲ သေသေချာချာမှ မသိနိုင်တာ။ ဒါဟာ စဉ်းစားစရာတခုပဲ။ ကေအဲန်ယူအနေနဲ့ သဘောတူ လက်မှတ် သွားထိုးတုန်းကဆိုရင် တစ်တိုင်းပြည်လုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေးလုပ်ရမယ်။ အထူးသဖြင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို လုံးဝရပ်စဲပစ်ရမယ်။ ဒါဟာဆိုရင် ကေအဲန်ယူရဲ့ သဘောထားပဲ ရှင်းရှင်းလေးပါ။ အဲဒါကြောင့် အခု ကချင်ကို ထိုးစစ်တာဟာ ရန်သူ တွေရဲ့ အစီအစဉ်ပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ ရန်သူ့ကိုပဲ ကြည့်ရမယ်။ သူတို့တွေဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို လိုလားသလား။ သူတို့လုပ်တာတွေကို မှန်ရဲ့လား။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျ နော်တို့ သိနေပြီလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင် ဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် လို့ နှစ်ဖက် သော ခေါင်း ဆောင်တွေ ရယ်၊ ပြီးတော့ကေအဲန်ယူ အပါအ၀င်ပေါ့နော် သူတို့(ကေအိုင်အိုနဲ့အစိုးရ)တွေ တရုတ်နိင်ငံမှာ ပြောဆိုညှိနှိုင်းကြပြီး အပစ်ရပ်ဖို့ သဘော တူညီကြပြီးတော့ ရှေ့ဆက် နိုင်ငံရေး ဆွေး နွေးမှုတွေ ဆက်လုပ်သွားဖို့လည်း ရှိတယ်လေ။ ဒါတွေကိုကြည့် မယ်ဆိုရင် ဒါဟာလည်း ကေအဲန်ယူ အနေနဲ့ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနိင်တဲ့ လှုပ်ရှားမှုတစ်ခုပေါ့နော်။
မေး။ ။ ၆၆ နှစ်မြောက် ကေအဲန်ယူနေ့အတွက် ဘာများဖြည့်စွက် ပြောစရာရှိသေးသလဲ။
ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူဟာ သက်တမ်းကတော့ ပိုပြီးရင့်လာမှာပဲ ဘယ်တော့မှ ပြိုလှဲပျောက် ကွယ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့လိုချင်တဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှု တွေရခဲ့သည့် တိုင်အောင် ကေအဲန်ယူဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ လူမျိုးကို ကိုယ်စားပြုတဲ့အနေနဲ့ ဆက်လက် တည် ရှိနေအုံးမှာပါ။
No comments:
Post a Comment