Tuesday, June 11, 2013

သမိုင်းပေးတာဝန်ကို အမျိုးသားများထမ်းဆောင်နိုင် သကဲ့သို့ အမျိုးသမီးများသည်လည်း တာဝန်ယူနိုင်သည်ဟု KWO ဥက္ကဌပြော

 စောဖိုးထူး။ ။ ဇွန်လ ၁၁ရက်။ (ကရင်ကျောင်းသားများ ကွန်ယက်)

သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင်သည့် နေရာတွင် အမျိုးသားများသည်သာ လုပ်ဆောင်၍ ရသည်မဟုတ်ဘဲ အမျိုးသမီးတို့သည်လည်း တာဝန်ယူလုပ်ဆောင်နိုင်သည်ဟု ကရင်အမျိုးသမီး အစည်းအရုံး (KWO)ဥက္ကဌ နန်းဒါးအယ်ကလယ်က ကရင်အမျိုးသမီး လူငယ်ခေါင်းဆောင် သင်တန်းကျောင်း (KYWLS) ကျောင်းဆင်းပွဲတွင် ပြောကြားခဲ့သည်။

(KWO)ဥက္ကဌ နန်းဒါးအယ်ကလယ်က “သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင်တဲ့ နေရာမှာ အမျိုးသားတွေပဲ လုပ်လို့ရတာ မဟုတ်ဘူး။ ကျမတို့အမျိုးသမီးတွေလည်း တာဝန်ယူလုပ်ဆောင်နိုင်တယ်။ ဒီကျောင်းကို တက်နေကြတဲ့  အမျိုးသမီးလူငယ်တွေဟာ ဦးဆောင်မှုအပိုင်းမှာ ပိုပြီးတာဝန်ယူ လုပ်ဆောင်ရဲလာတာကို တွေ့မြင်ရတယ်”ဟု ပြောကြားခဲ့သည်။

ယခုလ ဇွန်လ ၆ ရက်နေ့က  ထိုင်-းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်၊ မယ်ရာမို ကရင်ဒုက္ခသည်စခန်းရှိ ကရင်အမျိုးသမီး လူငယ်ခေါင်းဆောင် သင်တန်းကျောင်း(KYWLS) ကျောင်းဆင်းပွဲ အခမ်းအနားကို မနက် ၉ နာရီမှ ၁၁ နာရီထိ ၎င်းတို့၏ ကျောင်းခန်းမဆောင်တွင် ကျင်းပြုလုပ်ခဲ့အပြီး ကရင်ကျောင်းသားများကွန်ယက်မှ သီးသန့် မေးမြန်းရာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

သင်တန်းကာလ တစ်နှစ်ကြာ သင်ကြားပို့ချပေးသည့် ယင်း KYWLS ကျောင်းတွင် အမျိုးသမီး အခွင့်အရေး ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်မူဝါဒ၊ ကရင်သမိုင်း၊ မြန်မာ့သမိုင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာ၊ ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုနှင့်ပတ်သတ်သော အကြောင်းအရာများအား အဓိကထား သင်ကြားပေးခဲ့သည်ဟု သိရသည်။

KYWLS ကျောင်းအုပ်ဆရာမကြီး နော်ဂေလယ်ဝါးကလည်း “ ဒီကျောင်းကို အောင်သွားတဲ့ ကျောင်းသူ လူငယ်ခေါင်းဆောင်တွေဟာ သူတို့နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ထဲမှာ တင်မကဘူး။ ဗဟိုအဆင့်ထိ ပြန်ပြီးတာဝန်ယူ တာတွေကို တွေ့ရတယ်လေ။ ကျမတို့ကလည်း သူတို့တွေအားလုံးကို ခေါင်းဆောင် ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ တကယ်လည်း ဖြစ်လာတဲ့အတွက် အရမ်းကို ပီတိဖြစ်မိတယ်”ဟု ပြောသည်။   

အမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုနှင့် ခေါင်ဆောင်မှုပိုင်းနေရာ တော်တော်များများတွင် တာဝန်ယူလုပ်ဆောင်လာနိုင်ခြင်းတို့ကြောင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံနှင့်ပတ်သက်၍ ယခုနောက်ပိုင်းတွင် လျော့နည်းလာသော်လည်း တချို့တွင်ရှိနေသေးကြောင်းနှင့် လူလူချင်း  ခွဲခြားပြီးမဆက်ဆံသင့်ဘဲ အားပေးကူညီသင့်ကြောင်း နော်ဂေလယ်ဝါးက ဆက်ပြောသည်။

အသက် ၂၁နှစ်အရွယ် သင်တန်းသူနော်ဟဲလ်ဒါမူးက “ဒီသင်တန်းကျောင်းကို တက်ရတဲ့အတွက် ကျမအနေနဲ့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး  ပိုမိုနားလည်လာတယ်။ ခေါင်းဆောင်မှုပိုင်းမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုများလာတယ်။”ဟု ပြောသည်။

သင်တန်းသူ ၁၁ဦး အောင်မြင်သည့် ထိုကျောင်းဆင်းပွဲအခမ်းအနားသို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး၏ ခရိုင် ၇ ခုမှ ကိုယ်စားလှယ်များ၊ ကရင်လူငယ် အစည်းအရုံး(ကေ၀ိုင်အို)မှ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသမီးခေါင်းဆောင်များ၊ ဒုက္ခသည်စခန်းအား ကိုယ်စားပြုသူများနှင့် အခြားလူထုအခြေပြု လူမှုအဖွဲ့အစည်းမှ လူငယ်တို့တက်ရောက်ခဲ့ကြသည်။

KYWLS ကျောင်းကို ကရင်အမျိုးသမီး လူငယ်များအား ခေါင်းဆောင်မှု အပိုင်းတွင် ပိုမိုတာဝန်ယူလုပ်ဆောင် လာနိင်ရန်၊ မိမိအဖွဲ့ အစည်းတွက်သာမက တစ်မျိုးသားလုံးတွက်ပါ အကျိုးရှိစေရန် ရည်ရွယ်ကာ ကရင်အမျိုးသမီးအစည်းအရုံး(KWO) မှ ဦးဆောင်၍ ပြီးခဲ့သည့်၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ