Thursday, February 14, 2013

(၆၅)နှစ်မြောက် ကရင့်အမျိုးသားနေ့ကို ဒုက္ခသည်စခန်းတွင်လည်း ကျင်းပပြုလုပ်

Photo by Internet
ဖေဖော်ဝါရီလ ၁၂ရက်။ စောဖိုးထူး (ကရင်ကျောင်းသားများ ကွန်ယက်)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်း၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ၆၅နှစ်မြောက် ကရင့်အမျိုးသားနေ့ အခမ်းအနားကို KKBBC ကော်သူးလေ ကရင်နှစ်ခြင်း ကျမ်းစာ ကျောင်းတွင် မနက် ၉ နာရီမှ ၁၀ နာရီခွဲ အထိ ကျင်းပခဲ့သည်ဟု သိရသည်။



ထိုအခမ်းအနားကို ပထမပိုင်း အနေဖြင့် ခရစ်ယာန်ဘာသာ အစီအစဉ်ဖြင့် ၀တ်ပြုဆုတောင်း ခြင်း များပြုလုပ်ခဲ့ကြပြီး ဒုတိယပိုင်းတွင် ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို သိက္ခာတော်ရ ဆရာတော် ရော ဘတ်ထွေးမှ ရှင်းလင်း ပြောကြားခဲ့သည်။

KKBBSC ကျောင်းအုပ်ဆရာကြီး ဒေါက်တာစဲမသာက “ကျနော်တို့မှာ ကိုယ်ပိုင် ဘာသာစကား၊ ယာဉ်ကျေးမှု နဲ့ အမျိုးသားအလံ ရှိတယ်၊ ပြီးတော့လူမျိုးစု တစုအဖြစ်လည်း ကနေ့အထိ ရပ်တည်နိုင်တယ်၊ ဒါကြောင့် ဒီလို ကိုယ်ရဲ့အမျိုးသားနေ့ကို ကျင်းပတာဟာ အနာဂတ်လူငယ်တွေတွက် သမိုင်းမှန်တွေကို သိရဖို့ အရမ်းကို အရေးကြီးသလို သူတို့အတွက်လည်း အကျိုးရှိတယ်”ဟု ပြောသည်။

စောဘဦးကြီး ခေါင်းဆောင်သော ပြည်ချစ် ကရင်ခေါင်းဆောင်များနှင့် ပြည်သူများသည် ငြိမ်းချမ်းစွာဖြင့် အချက်လေးချက်ပါသော ‘ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက် ချင်းပြ၊ ပြည် တွင်းစစ် အလိုမရှိ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ’ ဟူသော ကြွေးကြော်သံများ သည် ကရင်တမျိုးသားလုံး လိုချင်တပ်မက်သော ရတနာလည်း ဖြစ်ကြောင်း ဒေါက်တာစဲမသာက ဆက်ပြောသည်။

ထိုအခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသူ နော်လှဂေက “ကျမ ဒုက္ခသည်မှာ လာနေတာ ရှစ်နှစ်တောင်ရှိပြီ၊ အမျိုးသားနေ့ကို ပထမဆုံးအကြိမ် တက်ရောက်ရတာလည်း ဖြစ်တယ်ပေါ့နော် ၊ ပြီးတော့ အရမ်းလည်း ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်တွေရှင်းပြသွားတဲ့ အကြောင်း တော်တော် များများတွေဟာ ကျမအတွက် အမျိုးသားရေး ပိုပြီးရှင်သန်လာအောင် သင်ပေးလိုက်သလိုပဲ ”ဟု ပြောသည်။

ထိုအခမ်းအနားသို့ ကျမ်းစာကျောင်းသူ၊ ကျောင်းသားများအပါအ၀င် စခန်းတွင်းရှိ ပြည်သူများ စုစုပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

(၆၅)နှစ်မြောက် ကရင့်အမျိုးသားနေ့ကို မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်နှင့် တခြား ကရင်ဒုက္ခသည် စခန်းအသီးသီးတွင်လည်း အလားတူကျင်းပခဲ့ကြသကဲ့သို့ KNU ထိန်းချုပ်နယ်မြေနှင့် KNU မှ ခွဲထွက်သော ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်တမျိုးသားလုံး တန်းတူ အခွင့်အရေး ရရှိစေရန်တွက် ကရင်လူထု ၄သိန်းကျော် အသံတိတ် ချီတက် ဆန္ဒထုတ်ဖော်ခဲ့သောနေ့ကို အစွဲပြု၍ ကရင်အမျိုးသားနေ့ဟု သတ်မှတ်လာခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ