ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ရှိ ဒုက္ခသည်စခန်းများကို မကြာခင်မှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်
ဆေးမှာ ဖြစ်တဲ့အတွက် အုန်းဖြန်ဒုက္ခသည်စခန်းမှာ လုံခြုံရေး တင်းကြပ်ထားပြီဖြစ်တယ်လို့
စခန်းရဲ့ လူထု အခြေပြုအဖွဲ့ ထောက်ပံ့ပေးရေး မန်နေဂျာ စောဘလယ်စေး ပြောပါတယ်။
“လောလောဆယ်မှာ ထိုင်းအုပ်ချုပ်ရေးအာဏာပိုင်တွေက စခန်းပြင် ထွက်ခွင့်မပေးတော့ဘူး။
၂၂ရက်နေ့ က စပြီးတော့ အပြင် ထွက်ခွင့်ပေးတဲ့ ထောက်ခံစာတွေလည်း ရေးပေးတော့မှာ
မဟုတ်တော့ဘူး။”
အုန်းဖြန်စခန်းကနေ မဲဆောက်မြို့ကို သွားတဲ့ ကားလမ်းမကြီးမှာလည်း ယခုလ ၂၀ ရက်နေ
၂၁ ရက်နေ့အထိ ဒုက္ခသည်တွေကို သွားလာခွင့် ပိတ်ပင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၊ TBBC (ထိုင်း-မြန်မာ နယ်စပ်
ကူညီ စောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း) နဲ့ စခန်းကော်မတီတွေဆီမှာရှိတဲ့ လူဦးရေစာရင်းနဲ့
စခန်းထဲမှာနေထိုင်တဲ့ လူအရေအတွက် ကိုက်ညီမှု ရှိ မရှိကိုသိချင်တာကြောင့် အခုလ ၂၃ ရက်
နေ့မှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးမှာ ဖြစ်ပါတယ်။
စစ်ဆေးရာမှာ UNHCR က အသိအမှတ်ပြု ထားတဲ့ (ယူအဲန်) မှတ်ပုံတင်လက်မှတ် ရှိပေမယ့်
စခန်းထဲမှာ နေထိုင်ခြင်းမရှိတဲ့ ဒုက္ခသည်တွေကို စာရင်းကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။
ခုလို စစ်ဆေးမှုလုပ်မယ်ဆိုတာကို အာဏာပိုင်တွေက ယခုလ (၇) ရက်နေ့ကတည်းက ကြိုတင်
အသိပေးခဲ့ ပေမယ့် ခရီးလွန်နေတဲ့ ဒုက္ခသည်တချို့တော့ စခန်းထဲကို အချိန်မီ ပြန်မရောက်သေး
ဘူးလို့ စောဘလယ်က ပြောပါတယ်။
“ကျွန်တော့်သား တစ်ယောက်တောင် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှာ KNU ရဲ့ အလယ်
တန်းပြကျောင်းဆရာ သွားလုပ်နေတယ်လေ။ အရမ်းဝေးတော့ ဆက်သွယ်ဖို့လည်းခက်နေတယ်”
ထိုင်းအာဏာပိုင်တွေ ၀င်ရောက်စစ်ဆေးမယ့် ဒုက္ခသည်စခန်းတွေကတော့ အုန်းဖြန်စခန်းနဲ့
မယ်လ စခန်းတို့ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment