ထိုင်း မြန်မာ နယ်စပ် မြန်မာဒုက္ခသည် စခန်းတွင်းရှိ စာသင်ကျောင်းများတွင် လာမည့်
၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်၌ ကျောင်းဝင်ကြေး နှစ်ဆတိုးမြှင့်ခံမည်ဟု သိရသည်။
ကျောင်းသားမိဘ တစ်ဦးဖြစ်သူ စောဘလယ်စေးက “ပေးတော့ ဘယ်ပေးနိုင်မလဲ။ ဒါပေမဲ့
သားသမီး ကျောင်းနေရဖို ကြိုးစားရှာပြီးပေးရတာပေါ့။ ကျွန်တော့်မှာ သားသမီး ငါးယောက်
ရှိတယ်။ သူတို့အတွက် တစ်နှစ်တစ်နှစ် တစ်တန်းတက်ဖို့အရေးဟာ ကုန်တာ မနည်းဘူး” ဟု
ပြောသည်။
ယမန်နှစ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာ ကျောင်းဝင်ကြေး
အတွက် ထိုင်းဘတ်ငွေ ၁၀၀ သာ ပေးသွင်းရပြီး ယခုနှစ်တွင်မူ ဘတ် ၃၀၀ အထိ ပေးရသည် ဟု
စောဘလယ်စေး ပြောသည်။
ဒုက္ခသည်များကို အကူအညီပေးနေသည့် နယ်သာလန်နိုင်ငံအခြေစိုက် ZOA (South East Asia)
အဖွဲ့သည် ယခုနှစ်ဆန်းပိုင်း၌ စခန်းတွင်းရှိ ကျောင်းဆရာ ဆရာမများကို ထောက်ပံ့ငွေ
လျော့လိုက်ခြင်းကြောင့် ယခုလို ကျောင်းဝင်ကြေးတိုးကောက်ခြင်းဖြစ်ကြောင်း မယ်လစခန်းမှ
ပညာရေးမှူး စောစေးထာလူးက ပြောသည်။
၎င်းက “အရင်နှစ်တွေကဆိုရင် လုပ်သက်အရကြည့်ပြီး တစ်လကို အနည်းဆုံး ဘတ်ငွေ ၆၅၀
ပေးတယ်။ ဒီနှစ်မှာ ကျောင်းဆရာ ဆရာမ အားလုံးကို တစ်လကို ဘတ် ၅၀၀ ပဲပေးတော့မယ်။
လုပ်သက်တွေ ရာထူးတွေကို မကြည့်တော့ပဲ အားလုံးကို အဲဒီနှုန်းနဲ့ တန်းတူပေးမှာ” ဟု
ပြောသည်။
ထို့အပြင် အသက်မွေးဝမ်းကျောင်းအတတ် သင်ကြားပေးနေသည့် ဆရာဆရာမများကိုလည်း
ယင်းကျောင်းဝင်ကြေးအတွက် ကောက်ခံရရှိသည့် ငွေများဖြင့်သာ ထောက်ပံ့သွားပေးမည်ဟု
အုန်းဖြန်စခန်းရှိ စခန်းပညာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူ နောမူးအဲခရစ် ပြောသည်။
ဒုက္ခသည် စခန်းများမှ ကျောင်းသား မိဘများသည် မိသားစုဝင်ငွေအတွက် စခန်းပြင်ပအနီးအနား
ပတ်ဝန်းကျင်တွင် ရာသီအလိုက် နေ့စားအလုပ်ကိုသာ ထွက်လုပ်နေကြရသည်။
ဒုက္ခသည်များ စခန်းပြင်မထွက်ရဟူသည့် အမိန့်ကြောင့် ယင်းသို့ စခန်းပြင်တွင် အလုပ်ထွက်
လုပ်သည်ကို စခန်းအုပ်ချုပ်သည့် ထိုင်းအာဏာပိုင်များ တွေ့ရှိပါကလည်း ဒဏ်ငွေ ပေးဆောင်
ရသည်ဟု သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment